ကူးစက်ရောဂါများစွာကိုကုသနိုင်ခဲ့ပြီး လူနာများစွာအသက်ကို ကယ်တင်နိုင်ခဲ့သော အစွမ်းထက် ဆေးဝါးများစွာသည် ဆေးယဉ်ပါးသောပိုးများကြောင့် ဆေးအာနိသင်များ ဆုံးရှုံးလျက်ရှိသည်။[1] [2] ထိုအတွက်ကြောင့် ရောဂါပိုးကူးစက်ခံရသောလူနာများသည် ကြာရှည်စွာ ဖျားနာခြင်း မသန်မစွမ်းဖြစ်ခြင်းတို့အပြင် အသက်သေဆုံးသည်အထိ ထိခိုက်ခံစားကြရသည်။ သင့်တော်သော အစီအမံများ မလုပ်ဆောင်ခဲ့ပါက ရိုးရိုးသာမာန် ပိုးဝင်ခြင်း သည်ပင်လျှင် အသက် အန္တရာယ်ရှိလာနိုင်သောပိုးသတ်ဆေးမပေါ်မှီကာလသို့ပြန်လည်ရောက်ရှိသွားနိုင်သည်။ အကယ်၍ မည်သူတစ်ဦးတစ်ယောက်ကမှအပြောင်းအလဲ မလုပ်ခဲ့ပါက ခွဲစိတ်ကုသခြင်းအားလုံးနှင့် မီးဖွားခြင်း တို့ပင်လျှင် အလွန်အန္တရာယ်များလာမည်ဖြစ်ပြီးလူနာများစွာနှင့် မွေးကင်းစကလေးငယ်များ၊ မိခင်များသည် ကာကွယ်ကုသ၍ရနိုင်သော ရောဂါပိုးဝင်ခြင်းကြောင့် အသက်သေဆုံး ကြရလိမ့်မည်။[1]
တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း၊ ကူးစက်ရောဂါထိန်းချုပ်မှုအားနည်းခြင်း ဥပမာ- အစားအသောက်ကိုင် တွယ်ရာတွင် မသန့်ရှင်းခြင်းသို့မဟုတ်လုံလောက်သော သန့်ရှင်းရေးအစီအမံများမရှိခြင်း နှင့် ပဋိဇီဝပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်းတို့သည် ဆေးမတိုးသောရောဂါပိုးများ ဖြစ်ပေါ် ပြန့်ပွား စေသည်။
သဘာဝအားဖြင့် ပိုးမွှားများသည် ပဋိဇီဝပိုးသတ်ဆေး ကို ခံနိုင်ရည်ရှိအောင်ယင်းတို့ ကိုယ်တွင် ပြုပြင် ပြောင်းလဲမှုများကို အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ သို့သော် ပဋိဇီဝပိုးသတ်ဆေး မမှန်မကန်သုံးစွဲခြင်း သို့မဟုတ် အလွန်အကျွံသုံးစွဲခြင်းတို့သည် ဤ ပြုပြင်ပြောင်းလဲမှုများကို ပိုမို မြန်ဆန် စွာဖြစ်ပွားစေပြီး ရောဂါပိုးကို ကုသရန်ပိုမိုခက်ခဲစေသည်။ ပဋိဇီဝပိုးသတ်ဆေး မမှန်မကန် သုံးစွဲခြင်း သို့မဟုတ် အလွန်အကျွံသုံးစွဲခြင်းတို့သည် လူတွင်သာမက တိရိစ္ဆာန်များတွင်လည်း ရှိသည်။ လူသားများတွင် ဖြစ်ပွားမှုအများဆုံးသော နှာစေးချောင်းဆိုး အအေးမိခြင်းနှင့် တုပ်ကွေးဖျားနာခြင်း တို့သည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ၎င်းင်း တို့ကိုကုသရန် ပဋိဇီဝပိုးသတ်ဆေး မလိုအပ်ပါ။ သို့သော် ကမ္ဘာတစ်ဝှမ်းရှိလူပေါင်းများစွာတို့သည် နှာစေးချောင်းဆိုး အအေးမိခြင်းနှင့် တုပ်ကွေးဖျားနာခြင်း ခံစားရပါက ပဋိဇီဝပိုးသတ်ဆေးကို သောက်လေ့ရှိကြပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းရှိတိရိစ္ဆာန်မွေးမြုရေး လုပ်ငန်းများတွင် ပဋိဇီဝပိုးသတ်ဆေးများကို အလွန် အကျွံသုံးစွဲကြသည်။ ပုံမှန်အားဖြင့် တိရိစ္ဆာန်အုပ်များတွင် ရောဂါပိုးကျရောက်သည့် အချိန်မှသာ ပိုးရှိသောအကောင်မှရောဂါမကူးစက်စေရန် ကျန်းမာသောအကောင်ကို ပိုးသတ်ဆေးပေးလေ့ရှိသည်။
လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ ပဋိဇီဝပိုးသတ်ဆေး ကိုအမှန်တကယ် လိုအပ်သူကိုသာပေးရန် နှင့် မလိုအပ်သူများကိုမပေးရန် လွန်စွာအရေးကြီးပါသည်။ ကျွန်တော်တို့သည် ဆေးယဉ်ပါးနေသော
ကူးစက်ရောဂါများကိုကုသရာတွင် ပဋိဇီဝပိုးသတ်ဆေးအသစ်များကိုသာ မှီခိုနေ၍မရပါ။ ပဋိဇီဝပိုးသတ်ဆေး မမှန်မကန်သုံးစွဲခြင်း သို့မဟုတ် အလွန်အကျွံသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ပြီး ရောဂါပိုးများ ဆေးယဉ်ပါးလာမည့် အန္တရာယ်ကို ကာကွယ်လျှော့ချရန် လိုအပ်သည်။[3]
ကိုးကားချက်များ။
1 WHO. (2018, February 15). Antimicrobial resistance. Retrieved from https://www.who.int/en/news-room/fact-sheets/detail/antimicrobial-resistance
2 CDC. (2018, September 10). About Antimicrobial Resistance | Antibiotic/Antimicrobial Resistance | CDC. Retrieved from https://www.cdc.gov/drugresistance/about.html
3 O'Neill, J. (2016, March 19). Tackling Drug-Resistant Infections Globally: Final Report and Recommendations. The Review on Antimicrobial Resistance. Retrieved from https://amr-review.org/sites/default/files/160525_Final paper_with cover.pdf